မဂ်လေးပါးဖြင့် ပယ်သတ်သော တရားများ
*****************************
၁ ။ သံယောဇဉ် ( ၁၀ ) ပါး
******************
သံယောဇဉ်ဆိုသည်မှာ---
သံသာရဝဋ္ဋေ သတ္တေ သံယောဇေန္တိ ဗန္ဓန္တီတိ သံယောဇနာ-
မျက်မှောက် တမလွန် ခန္ဓာဝန်ကိုလည်းကောင်း ၊အကျိုးနှင့်
အကြောင်းကိုလည်းကောင်း ၊ဆင်းရဲအပေါင်း၌ ဝဋ်တွင်းသား
သတ္တဝါ တို့ကိုလည်းကောင်း ယှဉ်စေတတ် နှောင်ဖွဲ့တတ်
သောကြောင့် သံယောဇဉ်ဟု ဆိုရလေသည်။
ထိုသံယောဇဉ်သည်---
ကာမရာဂ ။ရူပရာဂ ။အရူပရာဂ ။ပဋိဃ ။မာန ။ဒိဋ္ဌိ ။
သီလဗ္ဗတပရာမာသ ။ဝိစိကိစ္ဆာ ။ဥဒစ္စ ။အဝိဇ္ဇာ ။သံယောဇဉ်
ဟု ( ၁၀ )ပါးရှိသည်။
သောတာပတ္တိမဂ်သည်-----
သက္ကာယဒိဋ္ဌိ ။ဝိစိကိစ္ဆာ ။သီလဗ္ဗတပရာမာသ ။အပါယ်သို့
လားစေတတ်သော ကာမရာဂ ၊ဗျာပါဒ ။သံယောဇဉ် -
တို့ကိုပယ်သတ်၏။
သကဒါဂါမိမဂ်သည်----
ရုန့်ရင်းသော - ကာမရာဂ ၊ဗျာပါဒ ။သံယောဇဉ် - တို့ကို ခေါင်း
ပါးရုံ(အောင်)ပယ်သတ်၏။
အနာဂါမိမဂ်သည်----
အောက် ကာမဘုံ ၌ ဖြစ်ထိုက်သော (အဓောဘာဂိယ)
(သြရမ္ဘာဂိယ)သံယောဇဉ် - ဒိဋ္ဌိ ။ဝိစိကိစ္ဆာ ။သီလဗ္ဗတပရာမာသ။
ကာမရာဂ ။ဗျာပါဒ ။သံယောဇဉ် -တို့ကို ပယ်သတ်၏ ။
အရဟတ္တမဂ်သည်
အထက် ရူပဘုံ အရူပဘုံ တို့၌ ဖြစ်ထိုက်သော (ဥဒ္ဓံဘာဂိယ)
သံယောဇဉ် - ရူပရာဂ ။အရူပရာဂ ။မာန ။ဥဒ္ဓစ္စ ။အဝိဇ္ဇာ ။သံ
ယောဇဉ်-တို့ကို ပယ်သတ်၏။
၂ ။ ကိလေသာ ( ၁၀ ) ပါး
******************
ကိလေသာဆိုသည်မှာ----
စိတ္တံ ကိလိဿတိ ဥပတပ္ပတိ ဗာဓီယတိ ဝါ ဧတေဟီတိ
ကိလေသာ ။
သတ္တဝါတို့၏စိတ်ကို ညစ်နွမ်းစေတတ် ပူပန်စေတတ် နှိပ်စက်
တတ်သောကြောင့် ကိလေသာ ဟူ၍ဆိုသည်။
ထိုကိလေသာသည်----
လောဘ ။မောဟ ။ဒေါသ ။မာန ။ဒိဋ္ဌိ ။ဝိစိကိစ္ဆာ ။ထိန ။
ဥဒ္ဓစ္စ ။အဟိရိက ။အနောတ္တပ္ပ ။ဟု (၁၀) ပါးရှိသည်။
သောတာပတ္တိမဂ်သည်----
ဒိဋ္ဌိ ။ဝိစိကိစ္ဆာ ။ကိလေသာနှစ်ပါးကို ပယ်၏။
သကဒါဂါမိမဂ်သည်လည်း ဤကိလေသာနှစ်ပါးတို့ကိုပင်
ပယ်၏။
အနာဂါမိမဂ်သည်----
ဒေါသ ။ကိလေသာ ကိုပယ်၏။
အရဟတ္တမဂ်သည်----
လောဘ ။မောဟ ။မာန ။ထိန ။ဥဒ္ဓစ္စ ။အဟိရိက ။
အနောတ္တပ္ပ ။ကိလေသာများ ကိုပယ်၏။
၃ ။ မိစ္ဆတ္တတရား(၈)ပါး(၁၀)ပါး
*********************
မိစ္ဆတ္တ-ဆိုသည်မှာ မှားယွင်းချွတ်ချော် သည့် နှလုံးသွင်းမှု့
အသိအမြင်မှားမှု့ကိုဆိုလိုသည်။ဆိုလိုရင်းမှာ---
ဘုရားဟော ပါဠိတော်နှင့် တလွဲတချော် ထော်လော်ကန့်လန့်
(အတ္တနောမတိ)မိမိထင်မြင်ရာ ကြဲ၍ ပြုလုပ်ကြသောသဘော
တရားတို့ပင်ဖြစ်သည်။
ထိုမိစ္ဆတ္တတရားသည်----
မိစ္ဆာဒိဋ္ဌိ ။မိစ္ဆာသင်္ကပ္ပ ။မိစ္ဆာဝါစာ ။မိစ္ဆာကမ္မန္တ ။မိစ္ဆာအာဇီဝ ။
မိစ္ဆာဝါယာမ ။မိစ္ဆာသတိ ။မိစ္ဆာသမာဓိ ။ဟူ၍ ရှစ်ပါးရှိသည်။
မိစ္ဆာဝိမုတ္တိ နှင့် မိစ္ဆာဉာဏ နှစ်ပါးကို ထည့်လျှင် ဆယ်ပါးဖြစ်
သည်။ မိစ္ဆာဝါစာကို မုသာဝါဒ ။ပိသုဏဝါစာ ။ဖရုသဝါစာ ။
သမ္ဖပ္ပလာပဝါစာ ။ဟုလေးမျိုးခွဲယူလျှင် ဆယ့်သုံးပါးဖြစ်၏။
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည်-----
မိစ္ဆာဒိဋ္ဌိ ။မိစ္ဆာကမ္မန္တ ။မိစ္ဆာအာဇီဝ ။မုသာဝါဒ ။ဤလေးပါးကို
ပယ်သည်။
အနာဂါမိမဂ်သည်---
မိစ္ဆာသင်္ကပ္ပ ။ပိသုဏဝါစာ ။ဖရုသဝါစာ ။ဤသုံးပါးကိုပယ်၏။
အရဟတ္တမဂ်သည်----
သမ္ဖပ္ပလာပ ။မိစ္ဆာဝါယာမ ။မိစ္ဆာသတိ ။မိစ္ဆာသမာဓိ ။
မိစ္ဆာဝိမုတ္တိ ။မိစ္ဆာဉာဏ ။ဤခြောက်ပါးကိုပယ်သည် ။
ဤ၌ - စေတနာ ယေဝ စေတ္တ ဝါစာတိ ဝေဒိတဗ္ဗာ
ဟုဆိုသောကြောင့် ဝါစာကို စကားဟုယူလျှင် အသံဝစီဝိဉ တ်
ဖြစ်၍ ရုပ်ဖြစ်နေသည်။ထို့ကြောင့် ရုပ်၏အဖြစ်ကိုနစ်စေခြင်း
ငှာ ကြဉ်ရှောင်သော စေတနာကိုသာ ဝါစာ ဟုယူရမည်။
၎ ။ လောကဓံတရားရှစ်ပါး
*******************
လောကဓံဆိုသည်မှာ---
လောကသားတို့တွေ့ရသော တရားဟုဆိုလိုသည်။
ခန္ဓာဟူသော လောက၏ဖြစ်ခြင်းရှိသည်ဖြစ်သော် ကောင်းမှု့
မကောင်းမှု့၏အစွမ်းကြောင့် ကောင်းကျိုးမကောင်းကျိုးစ
သည်တို့သည် အခါအခွင့်အားလျော်စွာ မလွဲမရှောင်သာ
ဖြစ်ပေါ်လာရသည်။သာမန် ပုထုဇဉ် ပုဂ္ဂိုလ်မဆိုထားနှင့်
ဘုရား ရဟန္တာ များသော်မှ မလွတ်ကင်းနှိုင်ပဲ တွေ့ကြုံရ
သော သဘောတရားများကို လောကဓံဟု ဆိုလေသည်။
ယင်းလောကဓံသည်----
လာဘော ။အလာဘော ။ယသော ။အယသော ။နိန္ဒာ ။
ပသံသာ ။သုခံ ။ဒုက္ခံ ။ဟူ၍ ရှစ်ပါးရှိသည် ။
သောတာပန်ပုဂ္ဂိုလ်နှင့်သကဒါဂါမ် ပုဂ္ဂိုလ်တို့သည်
မည်သည့် လောကဓံတရားကိုမျှ ပယ်သတ်နှိုင်ခြင်းမရှိပေ။
သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်များထက် များစွာသာလွန်၍
လောကဓံကို ခံနှိုင်ရည်ရှိကြသည်။
အနာဂါမ်ပုဂ္ဂိုလ်သည်----
အလာဘော ။အယသော ။နိန္ဒာ ။ဒုက္ခံ ။ ဟုဆိုအပ်သော
အဆိုးလောကဓံ တရားလေးပါးကြောင့်ဖြစ်သည့် ဒေါသ
လေးပါးတို့ကို ပယ်သည်။
ရဟန္တာပုဂ္ဂိုလ်သည်----
လာဘော ။ယသော ။ပသံသာ ။သုခံ ။ဟုဆိုအပ်သော
အကောင်းလောကဓံ လေးပါးကြောင့်ဖြစ်သော လောဘ
လေးပါး တို့ကိုပယ်သည်။
၅ ။ မစ္ဆရိယငါးမျိုး
************
မစ္ဆရိယဆိုသည်မှာ---
ကျောင်း ၊အိမ် စသော ငါးမျိုးတို့၌ သူတစ်ပါးတို့နှင့်ဆက်ဆံ
သည်၏အဖြစ်ကို မနာလိုဝန်တို သည်းမခံနှိုင်သောသဘော
ဆိုး ငါးမျိုးဖြစ်သည်။
ထို မစ္ဆရိယတရားတို့သည်---
အာဝါသမစ္ဆရိယ ။ကုလမစ္ဆရိယ ။လာဘမစ္ဆရိယ ။ဓမ္မမစ္ဆရိယ။
ဝဏ္ဏမစ္ဆရိယ ။ဟူ၍ ငါး မျိုးရှိသည် ။
ထိုမစ္ဆရိယ ငါးပါးစလုံးကို သောတာပတ္တိမဂ်ကပင် အကြွင်း
အကျန်မရှိ ပယ်သတ်လိုက်နှိုင်သဖြင့် အထက်မဂ်များမှပယ်
သတ်စရာ မရှိပါ။
၆ ။ ဝိပလ္လာသ မူလ လေးပါ ၊မူလီ ၁၂-ပါး ။
*****************************
ဝိပလ္လာသဆိုသည်မှာ----
အရှေ့ကိုအနောက် အနောက်ကိုအရှေ့ အောက်ကိုအထက်
အထက်ကိုအောက် အကောင်းကိုအဆိုး အဆိုးကိုအကောင်း
အမှန်ကိုအမှား အမှားကိုအမှန် ဆိုသလို ပြောင်းပြန်လန်
အောင် မှားယွင်းသော အမှတ်မှား အသိမှား အယူမှားသော
တရား မျိုးကို ဆိုလိုသည် ။မှားပုံမှာကား ----
အနိစ္စ ကို နိစ္စ ။ဒုက္ခ္ခ ကို သုခ ။အနတ္တ ကို အတ္တ ။အသုဘ ကို
သုဘ ။ဟု ပြောင်းပြန်လန်အောင် လွဲမှားခြင်းတည်း ။
ယင်း ဝိပလ္လာသ တရားသည်----
မူလအားဖြင့် (အနိစ္စ ဒုက္ခ အနတ္တ အသုဘ)ဟု လေးပါးရှိရာ
တွင် တစ်ပါးတစ်ပါးလျှင် အမှတ်မှားသော သညာဝိပလ္လာသ
အသိမှားသောဝိပလ္လာသ ၊အယူမှားသော ဒိဋ္ဌိဝိပလ္လာသ ။ဟု
သုံးပါးစီရှိကြ၍ လေးပါးလုံးပေါင်းသော် ၄×၃=၁၂ ပါးဖြစ်၏။
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ် သည်---
အနိစ္စ ၌ နိစ္စ ဟုဖောက်ပြန်သော သညာ စိတ္တ ဒိဋ္ဌိ သုံးပါး၊
အနတ္တ ၌ အတ္တ ဟုဖောက်ပြန်သော သညာ စိတ္တ ဒိဋ္ဌိ သုံးပါး၊
အသုဘ ၌ သုဘ ဟုဖောက်ပြန်သော ဒိဋ္ဌိ တစ်ပါး၊
ဒုက္ခ ၌ သုခ ဟုဖောက်ပြန်သော ဒိဋ္ဌိ တစ်ပါး၊
ဤ-ဝိပလ္လာသတရား ရှစ်ပါးကို ပယ်သည်။
အနာဂါမိမဂ်သည်----
အသုဘ ၌ သုဘ ဟုဖောက်ပြန်သော သညာ စိတ္တ ဝိပလ္လာသ
တရား နှစ်ပါးကို ပယ်သည်။
အရဟတ္တမဂ်သည်----
ဝိပလ္လာသတရား အလုံးစုံ အကုန်ပယ်သည်။
၇ ။ ဂန္ထတရားလေးပါး
***************
ဂန္ထတရားဆိုသည်မှာ---
ဂန္ထေန္တိ ဃဋေန္တီတိ ဂန္ထာ - နှင့်အညီ အချုပ်ထောင် နှောင်အိမ် စ
သော အနှောင်အဖွဲ့ကဲ့သို့လည်းကောင်း နှောင်ဖွဲ့တတ်ပြုတတ်
သောကြောင့် ဂန္ထတရား ဟုဆိုသည်။
ထိုဂန္ထတရားသည်---
အဘိဇ္ဈာကာယဂန္ထ ။ဗျာပါဒကာယဂန္ထ ။သီလဗ္ဗတပရာမာသကာ
ယဂန္ထ ။ဣဒံသစ္စာဘိနိဝေသကာယဂန္ထ ။ဟူ၍ လေးမျိုးရှိသည် ။
သောတာပတ္တိမဂ်နှင့် သကဒါဂါမိမဂ်သည် ----
တရားကိုယ်အားဖြင့် ဒိဋ္ဌိ ဖြစ်သော သီလဗ္ဗတပရာမာသ ကာယ
ဂန္ထ နှင့် ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထ နှစ်ပါးကိုပယ်သည် ။
အနာဂါမိမဂ်သည် ----
တရားကိုယ်အားဖြင့် ဒေါသ ဖြစ်သော ဗျာပါဒကာယဂန္ထ ကိုပယ်၏။
အရဟတ္တမဂ်သည် -----
တရားကိုယ်အားဖြင့် လောဘ ဖြစ်သော အဘိဇ္ဈာကာယဂန္ထ ကို
ပယ်သည် ။
၈ ။ အဂတိတရားလေးပါး
*******************
အဂတိဆိုသည်မှာ----
ဆန္ဒာဒိဝသေန နဂစ္ဆတီတိ အဂတိ ။ဟူသည်နှင့်အညီ ပစ္စည်းဝေ
ဖန်သောနေရာ တရားဆုံးဖြတ်သောနေရာ စသည်တို့၌ ချစ်သ
ဖြင့်လည်းကောင်း ၊မုန်းသဖြင့်လည်းကောင်း ၊မသိတွေဝေသဖြင့်
လည်းကောင်း ၊ကြောက်သဖြင့်လည်းကောင်း မပြုသင့်သည်ကို
ပြုခြင်း ပြုသင့်သည်ကို မပြုခြင်း ပင်ဖြစ်သည် ။
ထို အဂတိတရားသည် ----
ဆန္ဒာဂတိ ။ဒေါသာဂတိ ။မောဟာဂတိ ။ဘယာဂတိ ။ဟူ၍ လေး
မျိုးရှိသည် ။
သောတာပတ္တိမဂ်သည် ---
အဂတိတရား လေးပါးစလုံးကို ပယ်သတ်သည် ။
အထက်မဂ်များ က ပယ်သတ်စရာ အဂတိတရားသည်မရှိချေ ။
၉ ။ အာသဝတရားလေးပါး
*******************
အာသဝ ဆိုသည်မှာ----
ဘဝတော အာဘဝဂ္ဂံ ဓမ္မတော အာဂေါတြဘုံ သဝန္တိ ပဝတ္တန္တီတိ
အာသဝါ ---နှင့်အညီ ဘုံအားဖြင့် အထက်ဘဝဂ် ၊ဓမ္မ အားဖြင့်
ဂေါတြဘူ တိုင်အောင် ဖြစ်ပွား ယိုစီးတတ်ခြင်း စသောအကြောင်း
များကြောင့် အာသဝ ဟုဆိုသည် ။
ထိုအာသဝတရားသည် ----
ကာမာသဝ ။ဘဝါသဝ ။ဒိဋ္ဌာသဝ ။အဝိဇ္ဇာသဝ ။ဟုလေးပါးရှိ၏။
၆၂ -ပါးသော မိစ္ဆာဒိဋ္ဌိ အယူမှားကို ဒိဋ္ဌာသဝ ဟုဆိုသည် ။
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည်-ဒိဋ္ဌာသဝ ကိုပယ်သည်။
အနာဂါမိမဂ်သည်--ကာမာသဝ ကို ပယ်သည် ။
အရဟတ္တမဂ်သည်--ဘဝါသဝ နှင့် အဝိဇ္ဇာသဝ ကိုပယ်သည် ။
၁၀ ။ သြဃ လေးပါး
***************
သြဃ ဆိုသည်မှာ----
ဝဋ္ဋသ္မိံ ယေဝ သြဟနန္တိ သြသီဒါပေန္တီတိ သြဃာ --
ဟူသည်နှင့်အညီ လူနတ် ဗြဟ္မာ သတ္တဝါတို့ကို သံသရာဝဋ်၌သာ
လျှင် နစ်မွန်း နစ်မြုပ် မျောပါး စေတတ်သောကြောင့် လည်းကောင်း
လွှမ်းမိုးဖိစီး၍ သတ်တတ်သောကြောင့်လည်းကောင်း ၊ကူးမြောက်
နှိုင်ခဲသောကြောင့်လည်းကောင်း ၊ပကတိရေအလျဉ်နှင့်တူသော
ကြောင့်လည်းကောင်း ၊ သြဃ ဟုဆိုပါသည် ။
ထို သြဃ သည် ----
ကာမောဃ ။ဘဝေါဃ ။ဒိဋ္ဌောဃ ။အဝိဇ္ဇောဃ ။ဟုလေးပါးရှိ၏။
တရားကိုယ်အားဖြင့် ( လောဘ ၊ဒိဋ္ဌိ ၊မောဟ )သုံးပါးဖြစ်သည်။
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ် သည်---
ဒိဋ္ဌောဃ ကိုပယ်သတ်သည်။
အနာဂါမိမဂ်သည်---
ကာမောဃ ကိုပယ်သတ်သည် ။
အရဟတ္တ မဂ်သည်---
ဘဝေါဃ နှင့် အဝိဇ္ဇောဃ ကိုပယ်သတ်သည် ။
၁၁ ။ ယောဂလေးပါး
***************
ယောဂ ဆိုသည်မှာ ----
ဝဋ္ဋသ္မိံ ယောဇေန္တီတိ ယောဂါ ---
ဟူသည်နှင့်အညီ လူ နတ် ဗြဟ္မာ သတ္တဝါ တို့ကို ဆင်းရဲအပေါင်း
ဒုက္ခ ဟူသမျှမှ ဆင်းရဲ အပေါင်း ဒုက္ခ ဟူသမျှ နှင့် မလွတ်စေပဲ
အမြဲယှဉ်တွဲ စေတတ် သောကြောင့် ယောဂ ဟုဆိုပါသည် ။
ထို ယောဂ သည် ----
ကာမယောဂ ။ဘဝယောဂ ။ဒိဋ္ဌိယောဂ ။အဝိဇ္ဇာယောဂ ။ဟူ၍
လေးမျိုးရှိပါသည် ။တရားကိုယ်အားဖြင့် (လောဘ၊ဒိဋ္ဌိ၊မောဟ)
သုံးမျိုးပင်ဖြစ်ပါသည်။
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည် ---
ဒိဋ္ဌိယောဂ ကိုပယ်သတ်ပါသည်။
အနာဂါမိမဂ်သည် ----
ကာမယောဂ ကိုပယ်သတ်ပါသည် ။
အရဟတ္တမဂ်သည် ----
ဘဝယောဂ နှင့် အဝိဇ္ဇာယောဂ ကိုပယ်သတ်ပါသည် ။
၁၂ ။ အာသဝ။သြဃ။ယောဂ။ သုံးပါးပေါင်း၍ ဆိုရသော်----
*****************************************
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည်---
ဒိဋ္ဌာသဝ။ဒိဋ္ဌောဃ။ဒိဋ္ဌိယောဂ ။တို့ကို ပယ်သတ်သည် ။
အနာဂါမိမဂ်သည်----
ကာမာသဝ ။ကာမောဃ ။ကာမယောဂ ။တို့ကိုပယ်သည် ။
အရဟတ္တမဂ်သည်----
ဘဝါသဝ ။ဘဝေါဃ ။ဘဝယောဂ ။
အဝိဇ္ဇာသဝ ။အဝိဇ္ဇောဃ ။အဝိဇ္ဇာယောဂ ။တို့ကိုပယ်သည် ။
၁၃ ။ ဥပါဒါန်တရားလေးပါး
********************
ဥပါဒါန်ဆိုသည်မှာ----
ဘုသံ အာဒိယန္တီတိ ဥပါဒါနာ ၊ဒဠှဂ္ဂါဟံ ဂဏှန္တီတိ အတ္ထော ။
နှင့်အညီ အမှန်မကျ အမှားဟူသမျှကို ပြင်းထန်ခိုင်မြဲစွာ မလွတ်
တမ်း စွဲလမ်းဖမ်းယူတတ်သောကြောင့် ဥပါဒါန် ဟုဆိုပါသည်။
ထို ဥပါဒါန် သည်----
ကာမုပါဒါန် ။ဒိဋ္ဌုပါဒါန် ။သီလဗ္ဗတုပါဒါန် ။အတ္တဝါဒုပါဒါန် ။ဟူ၍
လေးမျိုးရှိပါသည် ။
ကာမဂုဏ်၌ အစွဲအလမ်းကြီးသောတဏှာကို ကာမုပါဒါန်
ဟုဆိုပါသည် ။( ကာမရာဂ။ရူပရာဂ။အရူပရာဂ)
၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ အယူ၌စွဲလမ်းသော
မိစ္ဆာဒိဋ္ဌိစေတသိက် ကို ဒိဋ္ဌုပါဒါန် ဟုဆိုသည်။
ကံကုန်စေခြင်းငှာ နွားကဲ့သို့ကျင့်သော(ဂေါသီလ-အကျင့်)
ခွေးကဲ့သို့ကျင့်သော(ကုက္ကုရသီလ-အကျင့်)
ကိလေသာကုန်စေခြင်းငှာ နံဘေးမှမီးပုံလေးပုံ အထက်မှနေပူ
အပူငါးမျိုး ခံ၍ကျင့်သောအကျင့်(ပဉ္စာတပ-အကျင့်)
ကိလေသာစင်ကြယ်စေခြင်းငှာ ရေငုပ်သောအကျင့်
(ဥဒကောရောဟန-အကျင့်)
အစာမစားပဲနေသောအကျင့် စသည် ကောင်းနိုးရာရာ မမှန်ကန်
သော အတုလိုက်၍ကျင့်သောအကျင့်၌ အစွဲလမ်းကြီးမှု့ကို
သီလဗ္ဗတုပါဒါန် ဟုခေါ်ပါသည် ။
သက္ကာယဒိဋ္ဌိ အယူမှား၌ အစွဲလမ်းကြီးမှု့ကို အတ္တဝါဒုပါဒါန် ဟု
ဆိုပါသည် ။
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည်----
ဒိဋ္ဌုပါဒါန် ။သီလဗ္ဗတုပါဒါန် ။အတ္တဝါဒုပါဒါန် ။တို့ကိုပယ်သတ်၏။
အနာဂါမိမဂ်သည် -----
ကာမဘုံ၌တပ်မက်သော ကာမုပါဒါန် ကိုပယ်ပါသည် ။
အရဟတ္တမဂ်သည်-----
ရူပဘုံ ၊အရူပဘုံ တို့၌ တပ်မက်သော ရူပရာဂ ၊အရူပရာဂ တို့ကို
ပယ်သတ်ပါသည် ။
၁၄ ။ နီဝရဏတရား ( ၆ )ပါး
********************
နီဝရဏဆိုသည်မှာ -----
စိတ္တံ နီဝရန္တိ ပရိယောနန္ဓန္တီတိ နီဝရဏာ ။
အရ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ စိတ်ကို ကုသိုလ်တရား မဖြစ်
ပွားရအောင် ပိတ်ပင်တားဆီး တားမြစ်တတ်သောကြောင့်
နီဝရဏ ဟုဆိုပါသည်။
ထို နီဝရဏ တရားသည် ----
ကာမစ္ဆန္ဒနီဝရဏ ။ဗျာပါဒနီဝရဏ ။ထိနမိဒ္ဓနီဝရဏ ။ဥဒ္ဓစ္စကုက္ကုစ္စ
နီဝရဏ ။ဝိစိကိစ္ဆာနီဝရဏ ။အဝိဇ္ဇာနီဝရဏ ။ဟူ၍ ခြောက်ပါးရှိပါ
သည်။
တရားကိုယ်အားဖြင့် -
လောဘ။ဒေါသ။ထိန။မိဒ္ဓ။ဥဒ္ဓစ္စ။ကုက္ကုစ္စ။ဝိစိကိစ္ဆာ။မောဟ။
ဟူ၍ ရှစ်ပါးဖြစ်သည်။
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည် -----
ဝိစိကိစ္ဆာနီဝရဏ ကိုပယ်ပါသည်။
အနာဂါမိမဂ်သည်----
ကာမစ္ဆန္ဒနီဝရဏ။ဗျာပါဒနီဝရဏ။ကုက္ကုစ္စနီဝရဏ။တို့ကိုပယ်၏။
အရဟတ္တမဂ်သည် ----
ထိနမိဒ္ဓနီဝရဏ။ဥဒ္ဓစ္စနီဝရဏ။အဝိဇ္ဇာနီဝရဏ တို့ကိုပယ်သည်။
၁၅ ။ အနုသယ ( ၇ )ပါး
*****************
အနုသယဆိုသည်မှာ----
သန္တာနေ အနု အနု သေန္တီတိ အနုသယာ လဒ္ဓါ အနုရူပံ ဟေတုံ
ဥပ္ပဇ္ဇန္တီတိ အတ္ထော ။
နှင့်အညီ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ သန္တာန်၌ လျောက်ပတ်
သော အကြောင်းကို ရသည်ရှိသော် အဖန်တလဲလဲ ကိန်းတတ်
ဖြစ်တတ်သောကြောင့် အနုသယ ဟုဆိုပါသည်။
ယင်းအနုသယသည် ----
ကာမရာဂါနုသယ။ဘဝရာဂါနုသယ။ပဋိဃာနုသယ။မာနာနုသယ။
ဒိဋ္ဌာနုသယ။ဝိစိကိစ္ဆာနုသယ။အဝိဇ္ဇာနုသယ။ ဟူ၍ သရုပ်အားဖြင့်
ခုနစ်ပါး ရှိပြီး တရားကိုယ်အားဖြင့် (လောဘ။ဒေါသ။မာန။ဒိဋ္ဌိ။ဝိစိ
ကိစ္ဆာ။မောဟ။)ဟုခြောက်ပါးရှိပါသည်။
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည် -----
ဒိဋ္ဌာနုသယ။ဝိစိကိစ္ဆာနုသယ။ကိုပယ်သည်။
အနာဂါမိမဂ်သည်-----
ကာမရာဂါနုသယ။ပဋိဃာနုသယ။ကိုပယ်သည်။
အရဟတ္တမဂ်သည်-----
ဘဝရာဂါနုသယ။မာနာနုသယ။အဝိဇ္ဇာနုသယ။တို့ကိုပယ်သည်။
၁၆ ။ "မလ"တရားသုံးပါး
*****************
မလဆိုသည်မှာ ----မလန္တိ လိမ္ပန္တီတိ မလာ ။နှင့်အညီ ---
မိမိလည်းမစင်ကြယ် မိမိမှတပါးသော တရားကိုလည်း မစင်
ကြယ် သည်၏အဖြစ်ကိုပြုတတ်သော အညစ်အကြေးတရားမျိုး
ကို "မလ" ဟုဆိုပါသည်။
ထို "မလ" တရားသည် ----
လောဘမလ။ဒေါသမလ။မောဟမလ။ဟူ၍ သုံးမျိုးရှိသည်။
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည် ----
မည်သည့် "မလ" တရားမျိုးကိုမှမပယ်သတ်နှိုင်ပါ။
အနာဂါမိမဂ်သည် ----
ဒေါသမလ ကိုပယ်သတ်၏။
အရဟတ္တမဂ်သည် ----
လောဘမလ နှင့် မောဟမလ ကိုပယ်သတ်၏။
၁၇ ။ အကုသလကမ္မပထတရား( ၁၀ )ပါး
*****************************
အကုသလကမ္မပထတရား ဆိုသည်မှာ ---
ဒုဂ္ဂတိဘုံသို့လားရောက်ခြင်း၏ အကြောင်း အဖြစ်ကိုပြုတတ်
သော အညစ်အကြေးတရားမျိုးကို အကုသလကမ္မပထတရားဟု
ဆိုပါသည်။
ထိုအကုသလကမ္မပထတရားတို့သည် -----
ပါဏာတိပါတ။ အဒိန္နာဒါန။ ကာမေသုမစ္ဆာစာရ။ မုသာဝါဒ။
ပိသုဏဝါစာ။ ဖရုသဝါစာ။ သမ္ဖပ္ပလာပ။ အဘိဇ္ဈာ။ ဗျာပါဒ။
မိစ္ဆာဒိဋ္ဌိ။ ဟူ၍ ( ၁၀ )ပါးရှိသည်။
သောတာပတ္တိမဂ်သည် -----
ပါဏာတိပါတ။ အဒိန္နာဒါန။ ကာမေသုမိစ္ဆာစာရ။ မုသာဝါဒါ။
ပိသုဏဝါစာ။ မိစ္ဆာဒိဋ္ဌိ။ ဤခြောက်ပါးတို့ကိုပယ်၏။
သကဒါဂါမိမဂ်သည်----
ကြွင်းကျန်သောအကုသလကမ္မပထတရားများကိုအကြွင်းမဲ့ပယ်
သတ်နှိုင်ခြင်းမရှိ ခေါင်းပါးရုံသာတတ်နှိုင်၏။
အနာဂါမိမဂ်သည်-----
ဖရုသဝါစာ နှင့် ဗျာပါဒ တို့ကိုပယ်၏။
အရဟတ္တမဂ်သည် -----
အဘိဇ္ဈာ။ နှင့် သမ္ဖပ္ပလာပ တို့ကို ပယ်သည်ဟု အင်္ဂုတ္ထိုရ်ပါဠိတော်
တိကနိပါတ် ရထကာရဝဂ်၌ ပြဆိုသည်။
၁၈ ။ အကုသိုလ်စိတ္တုပ္ပါဒ် ( ၁၂ )ပါး
*************************
အကုသိုလ်စိတ္တုပ္ပါဒ် ဆိုသည်မှာ ----
လောဘ ။ဒေါသ ။မောဟ ။တို့နှင့်ယှဉ်သော စိတ်တို့၏ ဖြစ်ဆဲ
ဥပါဒ်ဆဲ ကိုဆိုလိုသည်။
ထို အကုသိုလ်စိတ္တုပ္ပါဒ် တို့သည် -----
လောဘမူစိတ္တုပ္ပါဒ် (၈)ပါး။ဒေါသမူစိတ္တုပ္ပါဒ်(၂)ပါး။မောဟမူ
စိတ္တုပ္ပါဒ်(၂)ပါး။ပေါင်း(၁၂)ပါးရှိသည်။
သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည် ----
ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒ် (၄)ခု။ဝိစိကိစ္ဆာသမ္ပယုတ္တစိတ္တုပ္ပါဒ်(၁)ခု။
ပေါင်း ငါးခု ကိုပယ်သည်။
အနာဂါမိမဂ်သည် ----
ဒေါသမူစိတ္တုပ္ပါဒ်(၂)ခုကိုပယ်သည်။
အရဟတ္တမဂ်သည် -----
ဒိဋ္ဌိဂတဝိပ္ပယုတ္တစိတ္တုပ္ပါဒ်(၂)ခု။ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်(၁)ခု။
မောဟမူစိတ္တုပ္ပါဒ်(၂)ခု။ပေါင်း (၅)ခုကိုပယ်သည်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု
ခန္တီးဆရာတော် ဘုရားကြီး၏ စက်ဖြတ်ဝိပဿနာကျမ်းမှ
ကူးယူပူဇော်ခြင်းဖြစ်ပါသည်။
သိသင့်သိထိုက်မှတ်သားသင့်မှတ်သားထိုက်သည်ဟုယုံကြည်
သဖြင့်ကူးယူပူဇော်ခြင်းဖြစ်ပါသည်။
အသေးစိတ်ရှင်းလင်းချက်များမှာကူးယူရန်မလွယ်သဖြင့်ချန်လှပ်
ခဲ့ပါသည်။အသုံးအစွဲနားမလည်သည်များကိုလည်းချန်လှပ်ခဲ့ပါ၏။
Wednesday, September 9, 2015
မဂ်လေးပါးပယ်သတ်သောတရား
Subscribe to:
Posts (Atom)