Thursday, October 15, 2015


ပိဋက နိဒါန်း ( သို့) ပိဋက သုံးပုံ ဖြစ်ပေါ်လာပုံအကြောင်း

သဗ္ဗေညုတ ဥာဏ်တော်ကြီးဖြင့် လေးဆယ့်ငါးဝါတို့ကာလပတ်လုံး ဟောကြားပညတ်တော်မူခဲ့သည့်
''သုတ်၊ အဘိဓမ္မာ၊ ၀ိနည်း'' တရားတို့ကို
''အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလ္လာန်၊ အရှင်မဟာကဿပ ၊ အရှင်ဥပါလိ ၊ အရှင်အနုရုဒ္ဓါ ၊
အရှင် အာနန္ဒာ'' စသော ထိပ်ခေါင်တင် မထေရ်ကျော်ကြီး တို့သည်
မြတ်စွာဘုရားထံတော်မှ ကြားနာခြင်း၊ သင်ယူခြင်းတို့ဖြင့်၎င်း ၊ မရှင်းလင်းသည့်
အချက်အလက်တို့ကို မေးမြန်းခြင်း ၊ဆွေးနွေးခြင်းတို့ဖြင့်၎င်း ကိုယ်တိုင်ကိုယ်ကျ စနစ်တကျ
သင်ယူမှတ်သား ဆောင်ယူခဲ့ကြပါသည် ၊ ''အာစရိယ ပရမ္ပရသိဿာနုသိဿ '' ဟုဆိုအပ်သော
ဆရာစဉ်ဆက် ၊ တပြည့်စဉ်ဆက် တို့ကိုလည်း ( မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က
ပင်လျှင် ) မပျက်မကွက် အစဉ်အဆက် ဆင့်ပွားပို့ချ သင်ယူတော်မူစေခဲ့ပါသည်၊ ထိုပို့ချ
သင်ယူသမျှ အားလုံးတို့ကိုလည်း မြတ်စွာဘုရားထံလျောက်ထား၍ အတည်ပြုချက်ရယူတော်
မူခဲ့ကြပါသည်၊
ထို့ကြောင့် ပဌမ သံဃာယနာတွင်
'' အရှင်မဟာကဿပ မထေရ် ''၏ စိစစ်မေးမြန်းချက်တို့ကို
''အရှင်ဥပါလိ'' နှင့် ''အရှင်အာနန္ဒာ မထေရ် ''တို့က
'' ဘဂ၀တော ၊ မြတ်စွာဘုရား၏ ။ သမ္မုခါ ၊ မျက်မှောက်တော်မှ ။
ဧ၀ံ ၊ ဤသို့ ။
သုတံ ၊ ကြားနာလိုက်ရပါ၏ ။
ဥပလက္ခိတံ ၊ မှတ်သားလိုက်ရပါ၏ ။
ဥပဓာရိတံ ၊ ဆောင်ထားလိုက်ရပါ၏ ။ '' ဟူ၍ ရဲဝံ့ ပြတ်သားစွာ လျောက်ထား ဖြေကြားနိုင်ခဲ့
ကြခြင်း ဖြစ်ပါသည်။
'' သုတ် ၊ အဘိဓမ္မာ ၊ ၀ိနည်းတရားတော်''တို့ကို မြတ်စွာဘုရား ဟောကြား ပညတ်တော်မူရာတွင်
အဘိဓမ္မာတရားတော်ကိုသာ ဒေသနက္ကမ (ဟောစဉ်) အဖြစ် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကဌာ ၊
ပုဂ္ဂလပညတ်၊ ယမိုက် ၊ ပဌာန်းဟူ၍
အစဉ်အတိုင်းဟောတော်မူခဲ့သော်လည်း ''သုတ်တရားနှင့် ၀ိနည်းတရားတော်
'' တို့ကိုမူ '' ပုဂ္ဂိုလ် ၏
အဇ္ဈသယ နှင့် ဖြစ်ပေါ်လာသော လွန်ကြူးမှု အားလျော်စွာသာ အခြေအနေပေါ်မူတည်၍'' ဟောကြားပညတ်တော်
မူခဲ့ပါသည်၊ ဆိုလိုသည်မှာ သုတ်တရားနှင့် ၀ိနည်းတရားတို့ကို
ယခုကျမ်းစာအုပ်များတွင် မြင်တွေ့သင်ကြားနေရသောအစဉ်အတိုင်း
ပညတ်တော်မူခဲ့သည်မဟုတ်ဘဲ ဒေသနာတော်တို့ကို တရားနာပုဂ္ဂိုလ် ၏ အလိုဆန္ဒ စရိုက်နှင့်
ကိုက်ညီအောင် ၊ ၀ိနည်း ပညတ်ချက်တို့ဖြစ်ပေါ်လာသော ကျူးလွန်မှုနှင့် သင့်လျော်အောင်သာ
အခြေအနေပေါ်မူတည်၍ ဟောကြားပညတ်ခဲ့သည် ဟု ဆိုလိုပါသည်။
မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် သုံးလစေ့မြောက်သော ''မဟာသက္ကရာဇ် ၁၄၈ ခု၊
ဝါခေါင်လပြည့် ကျော် ၁ ရက်နေ့''တွင်
အရှင်မဟာ ကဿပမထေရ်မြတ်ကြီး အမှုးအမှူးရှိသော
ပဋိသမ္ဘိဒါပတ္တဆဠာဘိညရဟန္တာ အရှင်မြတ်ကြီး ငါးရာ တို့ ( ပဌမ)
သံဂါယနာတင်တော်မူကြရာတွင်
ရှေးဦးစွာ'' ၀ိနည်းတရားတော် ''ကို အစီအစဉ်ကျနအောင် စီစဉ်၍ သံဂါယနာတင်
အတည်ပြုတော်မူကြပါသည်။
ထို့နောက် ''သုတ္တန် တရားတော်'' ကို အစီအစဉ်ကျနအောင် စီစဉ်၍ သံဂါယနာတင်
အတည်ပြုတော်မူကြပါသည်။
ထို့နောက်'' အဘိဓမ္မာ တရားတော်'' ကို အစီအစဉ်ကျနအောင် စီစဉ်၍ သံဂါယနာတင်
အတည်ပြုတော်မူကြပါသည်။
ထို ၀ိနည်း တရားတော် အစုကို
'' ၀ိနယ ပိဋက '' ဟူ၍ လည်းကောင်း၊
အဘိဓမ္မာ တရားတော် အစုကို
'' အဘိဓမ္မာ ပိဋက '' ဟူ၍ လည်းကောင်း၊
သုတ္တန် တရားတော် အစုကို
'' သုတ္တန္တ ပိဋက'' ဟူ၍ လည်းကောင်း၊
အသီးသီး တသန့်စီ
ခွဲခြား ဝေဘန်၍
စုပေါင်း သံဂါယနာတင် အတည်ပြုတော်မူကြပါသည်။
ထို ''ပဌမ သံဂါယနာ '' မှ စ၍
'' ၀ိနယ ပိဋက ''၊
'' သုတ္တန္တ ပိဋက'' ၊
''အဘိဓမ္မာ ပိဋက ''
ဟူ၍ လည်းကောင်း၊
ထို ပိဋက သုံးမျိုးကိုပင်ပေါင်းစု၍
'' တိပိဋက ( ပိဋက သုံးပုံ) ''ဟူ၍လည်းကောင်း
သတ်မှတ်ခေါ်တွင် ထင်ရှားခဲ့ပါသည်။
အချုပ် ဆိုရသော်
'' ၀ိနည်း၊
သုတ်၊
အဘိဓမ္မာ ''ဟု ဆိုအပ်သော '' ဓမ္မခန္ဓာ''
( တရားတော်အစုအပေါင်း) တို့ကို အရှင်မြတ်ကြီးတို့ကိုယ်တော်တိုင်
်မြတ်စွာ ဘုရားထံတော်မှ နာယူသင်ကြား
မှတ်သားဆောင်ယူ၍ အစဉ်အဆက်
သင်ကြားပို့ချ ဆောင်ယူတော်မူခဲ့ကြပါသည်။
မြတ်စွာဘုရား လွန်တော်မူသော အခါ ကိုယ်စားတော်ထားရစ်ခဲ့သော
ဓမ္မခန္ဓာတို့ကို'' ပဌမ သဂါယနာ''တင်၍
အတည်ပြုတော်မူကြပြီး သင်ကြားမှတ်သားဆောင်ယူရာ၌
အစီအစဉ်ကျန၍ လွယ်ကူစေရန်''
ဝိနယပိဋက ၊
သုတ္တန္တပိဋက၊
အဘိဓမ္မာပိဋက''
ဟူ၍ သုံးမျိုး ၊ သုံးပိုင်း ၊ သုံးပုံ ခွဲဝေကာ
သတ်မှတ်အတည်ပြုတော်မူခဲ့ကြပါသည်။
ဤသည်လျှင် ပိဋက နိဒါန်း
( ပိဋကသုံးပုံ ဖြစ်ပေါ်လာပုံ အကြောင်း)
အကျဉ်းချုပ် ဖြစ်ပါသည်။

ကျမ်းကိုး
ပိဋက ဗျူဟာ အဖွဲ့ မှ ဓမ္မဒါနပြုသော ၁၉၇၇ ခုနှစ် ၊ အောက်တိုဘာလ ထုတ်
ကလျာဏီကျောက်စာ မြန်မာပြန် စာအုပ် စာမျက်နှာ ၁၂၄-၁၂၅-၁၂၆-၁၂၇ မှ ကူးယူ ဖော်ပြပါသည်။

ရုပ် ၂၈ပါး
မဟာဘုတ် ၄ ပါး
နိပ္ဖန္နရုပ် ၁၈-ပါး
၁။မဟာဘုတ် ၄-ပါး
၁။ပထဝီ = ခက်မာခြင်း၊နူးညံ့ခြင်းသဘော။
၂။အာပေါ = ဖွဲ့စည်းခြင်း၊ယိုစီးခြင်းသဘော။
၃။တေဇော = ပူခြင်း၊အေးခြင်းသဘော။
၎။ဝါယော = ထောက်ကန်ခြင်း၊ တွန်းတင်လှုပ်ရှားခြင်းသဘောတို့ဖြစ်သည်။
၂။ပသာဒရုပ် ၅-ပါး
၁။စက္ခုပသာဒ = မျက်စိအကြည်ရုပ်။
၂။သောတပသာဒ = နားအကြည်ရုပ်။
၃။ဃာနပသာဒ = နှာခေါင်းအကြည်ရုပ်။
၎။ဇိဝှါပသာဒ = လျှာအကြည်ရုပ်။
၅။ကာယပသာဒ = ကိုယ်အကြည်ရုပ်တို့ဖြစ်သည်။
၃။ဂေါစရရုပ် ၇-ပါး
၁။ရူပါရုံ = အဆင်းအရောင်အမျိုးမျိုး။
၂။သဒ္ဒါရုံ = အသံအမျိုးမျိုး။
၃။ဂန္ဓာရုံ = အနံ့အမျိုးမျိုး။
၎။ရသာရုံ = အရသာအမျိုးမျိုး။
၅။ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ အမျိုးမျိုး။
၆။ဖောဋ္ဌဗ္ဗာရုံ = ပထဝီ၊ တေဇော၊ ဝါယော
၇။ဖောဋ္ဌဗ္ဗာရုံ = ၃-ပါးတို့ဖြစ်သည်။
(မှတ်ချက်=ပထဝီ၊တေဇော၊ဝါယော ၃-ပါးသည် မဟာဘုတ် ၄-ပါးတွင် ပါဝင်ပြီး
ဖြစ်၍ နပ္ဖန္နရုပ် ၁၈-ပါးကို ရေတွက်ရာ၌ ဂေါစရရုပ်ကို ရူပါရုံမှ ရသာရုံထိ ၄-ပါးသာ
ရေတွက်ရသည်။
၎။ဘာဝရုပ် ၂-ပါး
၁။ဣတ္ထိဘာဝရုပ် = အမ သဘာဝကိုဖြစ်စေသောရုပ်။
၂။ပုမ္ဘာဝရုပ် = အဖို သဘာဝကို ဖြစ်စေသောရုပ်တို့ဖြစ်သည်။
၅။ဟဒယရုပ် ၁-ပါး
၁။ဟဒယဝတ္ထု = စိတ်၏မှီရာနှလုံးအကြည်ရုပ်။
၆။ဇီဝိတရုပ် ၁-ပါး
၁။ရုပ်ဇီဝိတိနြေ္ဒ = ကံကြောင့်ဖြစ်သောရုပ်တို့ကို အသက်ရှင်အောင် စောင့်ရှောက်ခြင်း
သဘော(ရုပ်သက်)
၇။အဟာရရုပ် ၁-ပါး
၁။ကဗဠီကာရ အာဟာရ = စားသောက်ဖွယ်၌ပါသောအနှစ် အစေး သြဇာရုပ်။ဖော်ပြပါ
ရုပ် ၁၈-ပါးတို့ကို ကံ စိတ် ဥတု အဟာရတို့ကြောင့် ဖြစ်ပေါ်သောရုပ်များ
ဖြစ်၍ နိပ္ဖန္န ရုပ်ဟုခေါ်သည်။
အနိပ္ဖန္နရုပ် ၁၀-ပါး
၁။ပရိစ္ဆေဒရုပ် ၁-ပါး
၁။ပရိစ္ဆေဒရုပ် = အာကာသဓာတ် = ရုပ်ကလာပ်တို့ကိုပိုင်းခြားပေးသောရုပ်။
၂။ဝိညတ်ရုပ် ၂-ပါး
၁။ကာယဝိညတ် = မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော ကိုယ်အမူအရာ။
၂။ဝစီဝိညတ် = မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော နှုတ်အမူအရာ
တို့ဖြစ်သည်။
၃။ဝိကာရရုပ် ၅-ပါး
၁။လဟုတာ = ရုပ်တို့၏ပေါ့ပါးခြင်းသဘော။
၂။မုဒုတာ = ရုပ်တို့၏ နူးညံ့ခြင်းသဘော။
၃။ကမ္မညတာ = ရုပ်တို့၏ ခံ့ကျန်းခြင်းသဘော။
၎-၅။ဝိညတ်ရုပ် ၂-ပါး တို့ဖြစ်သည်။
မှတ်ချက်=ဝိညတ်ရုပ် ၂-ပါးမှာ ကာယဝိညတ် ဝစီဝိညတ်အဖြစ် သီးခြားပါပြီးဖြစ်သည်။
၎။လက္ခဏာရုပ် ၄-ပါး
၁။ဥပစယ = ရုပ်တို့၏ အစဖြစ်ခြင်းသဘော။
၂။သန္တတိ = ရုပ်တို့၏ အစဉ်မပြတ် ဖြစ်ခြင်းသဘော။
၃။ဇရတာ = ရုပ်တို့၏ ရင့်ရော်ခြင်းသဘော။
၎။အနိစ္စတာ = ရုပ်တို့၏ ပျက်စီးခြင်း သဘောတို့ဖြစ်ကြသည်။
ဖော်ပြပါရုပ် ၁၀-ပါးကို အနိပ္ဖန္နရုပ်ဟုခေါ်သည်။အနိပ္ဖန္နရုပ် ၁၈-ပါး၊ အနိပ္ဖန္နရုပ် ၁၀-ပါး
ပေါင်းရုပ် ၂၈-ပါးဖြစ်သည်။ထိုရုပ် ၂၈-ပါးတွင် မဟုဘုတ် ၄-ပါးမှတပါး ကျန် ၂၄-ပါး
သောရုပ်တို့သည် မဟာဘုတ် ၄-ပါးကို မှီ၍သာ ဖြစ်သောကြောင့် အမှီရုပ်(ဥပါဒါရုပ်)
ဟုခေါ်သည်။
ရုပ် နာမ် သဘောအဓိပ္ပါယ်
နာမ်၏သဘောအဓိပ္ပါယ်
နာမ်မည်သော တရားများမှာ စိတ်၊စေတသိက်နှင့် နိဗ္ဗာန်တို့ဖြစ်ကြ၏။ထိုတရားများတွင်
စိတ်နှင့်စေတသိက်တို့သည် အာရုံသို့ညွှတ်တတ်၍ အာရုံကိုယူတတ်သိတတ်သောကြောင့်
နာမည်ကြ၏။နိဗ္ဗာန်မှာမူ အာရုံပြုတတ်သော တရားတို့ကို မိမိသို့ ညွတ်စေတတ်သောကြောင့်
နာမ် မည်၏။
ရုပ်၏သဘောအဓိပ္ပါယ်
အအေးအပူစသော ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့်ပြောင်းလဲဖောက်ပြန်သည့် သဘော
များကိုရုပ်ဟုခေါ်သည်။
ဖောက်ပြန်သည်ဆိုရာမှာ ရှေ့ရုပ်အစဉ်နှင့် မတူသောနောက်ရုပ်အစဉ်တစ်မျိုးဖြစ်ပေး ပြောင်းလဲ
သွားခြင်းဖြစ်သည်။
ထိုရုပ်များမှာ ဖော်ပြခဲ့သည့်အတိုင်း ၂၈-ပါးရှိသည်။
ရုပ် ၂၈ ပါးကိုဝေဖန်ခြင်း
ရူပဝိဘာဂ
*ရုပ်၂၈ပါးတို့သည် အလောဘအစရှိသော သမ္မယုတ်ဟိတ်မရှိသည်၏အဖြစ်ကြောင်း
အဟေတုကလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် ကံ စိတ် ဥတု အဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့နှင့်
တကွဖြစ်သောကြောင်း သပ္ပစ္စယလည်းမည်၏
*ရုပ်၂၈ပါးတို့သည် အာသဝေါတရားလေးပါးတို့၏အာရုံဖြစ်သောကြောင်း သာသဝလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် ကံ စိတ် ဥတု အဟာရတည်းဟူသော
အကြောင်းတရားလေးပါးတို့ ပေါင်း၍ ပြုပြင်အပ်သောကြောင်း သင်္ခတမည်၏။
*ရုပ်၂၈ပါးတို့သည် ဥပါဒါန်၏
သင်္ခါရလောက၌အကျုံးဝင်သည်၏အဖြစ်ကြောင်း လောကီယလည်းမညမ၏။
*ရုပ်၂၈ပါးတို့သည် ကာမတဏှာ၏ကျင်လည်ရာဖြစ်သောကြောင်း ကာမာဝစရလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် အာရုံကိုမယူတတ်သည်၏အဖြစ်ကြောင်း အနာရမ္မဏလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန် သမုစ္ဆေဒပဟာန် တို့၏ အစွမ်းအားဖြင့်
မပယ်အပ်သည်၏အဖြစ်ကြောင်း အပ္ပဟာတဗ္ဗလည်းမည်၏။
*ပသာဒရုပ်၅ပါးသည် အဇ္ဈတ္တိကရုပ်မည်၏ ကြွင်းသောရုပ်၂၅ပါးသည် ဗာဟိရုပ်မည်၏။
*ပသာဒရုပ၅ပါး ဟဒယရုပ်၁ပါးသည် ဝတ္ထုရုပ်မည်၏ ကြွင်းသောရုပ် ၂၂ပါးသည်
အဝတ္ထုမည်၏။
*ပသာဒရုပ်၅ပါး ဝိညတ်ရုပ် ၂ပါးသည် ဒွါရရုပ်မည်၏ ကြွင်းသောရုပ်၂၁ပါးသည်
အဒွါရုပ်မည်၏။
*ပသာဒရုပ်၅ပါး ဘာဝရုပ်၂ပါး ဇိဝိတရုပ်၁ပါး သည်ဣန္ဒြိယရုပ်မည်၏  ကြွင်းသောရုပ်၂၀သည်
အနိန္ဒြိယရုပ်မည်၏
*ပသာဒရုပ်၅ပါး ဝိသယရုပ်၇ပါး တို့သည် သြဠာရိကရုပ်လည်းမည်၏
သန္တိကေရုပ်လည်းမည်၏ သပ္ပဋိကရုပ်လည်းမည်၏ ကြွင်းသော ၁၆ပါးသောရုပ်သည် သုခုမရုပ်
ဒူရေရုပ် အပ္ပဋိကရုပ်တို့မည်၏။
*ကမ္မဇ၁၈ပါးသည် ဥပါဒိန္နရုပ်မည်၏ ထိုမှတစ်ပါးသော တိဇရုပ်သည် မနုပါဒိန္နရုပ်မည်၏။
*ရူပါယတနိသည် သနဒဿ နရုပ်မည်၏ ထိုမှကြွင်းသော၂၇ပါးသောရုပ်သည် အနိဒဿ
နရုပ်မည်၏
*ပသာဒရုပ်၅ပါးသည် ဂေါစရဂ္ဂါဟိကရုပ် ကြွင်းသောရုပ် ၂၃ပါးသည် အဂေါစရဂ္ဂါဟိကရုပ်မည်၏
*မဟာဘုတ်၎ပါး ဝဏ္ဏ ဂန္ဒ ရသ သြဇါ တည်းဟူသော ၈ပါးသောရုပ်သည် အဝိနိဘောဂရုပ်မည်၏
ကြွင်းသော၂၀သောရုပ်သည် ဝိနိဘောဂရုပ်မည်၏။